ဆေးစက်တွေကြားက ပုံတူပန်းချီဆရာမလေး နုယဉ်

  • 7 years ago
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာသွင်ပြင်အသေးစိတ်အတိအကျဟာ သူ့အတွက်တော့ အလွတ်ရနေတာပါ။ သူဟာ လက်ရာပြောင်မြောက်လှတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူ ပန်းချီကားတွေနဲ့ အတူ အွန်လိုင်းစာမျက်နှာ ပေါ်မှာ လူသိများလာတဲ့ ပန်းချီဆရာမတစ်ဦး ဖြစ်ပါတယ်။

အသက် ၃၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ ပန်းချီဆရာမ နုယဉ်ပဲ ဖြစ်ပါတယ်။

တကယ်တော့ ဆရာမနုယာဉ်ရဲ့ လက်ရာတွေက ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ထဲမှဟုတ်ပါဘူး။ ကမ္ဘာ ကျော် ပုဂိုလ်တွေရဲ့ပုံတူလက်ရာတွေကိုရေးဆွဲထားတာကိုလည်း သူ့ပန်းချီခန်းမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဖခင်က ပန်းချီဆရာ တစ်ယောက်ဖြစ်တာကြောင့် ပန်းချီပညာကို ငယ်ငယ်ကတည်းက လက်ပွန်းတတီး ထိတွေ့လာရသူလည်း ဖြစ်ပါတယ်။

ရှုခင်းပုံတွေထက် သူဟာ ပုံတူပန်းချီတွေကိုပဲ စိတ်ပါဝင်စားစွာရေးဆွဲခဲ့သူဖြစ်ပါတယ်။ ယာဉ်ကျေးမှုတက္ကသိုလ်မှာ ပန်းချီဆရာမဖြစ်ဖို့ ဆန္ဒတွေပြင်းပြခဲ့ပေမယ့်လည်း မိသားစုစီးပွားရေးအခြေအနေကြောင့် ကျောင်းပြီးတဲ့အခါ အိမ်စီးပွားရေး အတွက် ဖခင်နဲ့အတူ ရုန်းကန်ခဲ့ရတာပါ။ အဖေနဲ့အတူ ပန်းချီတွေကူဆွဲရင်းနဲ့ပဲ မိသားစုဝန်ထမ်း ရင်း ပန်းချီဆရာမအိပ်မက် ပျောက်ခဲ့ရပါတယ်လို့ သူကပြောပါတယ်။

ဒီလိုပုံတူပန်းချီတွေကို သေသေချာချာဆွဲနေဖြစ်ခဲ့တယ်ဆိုပေမယ့်လည်း အိမ်ထောင်ကျလို့ သမီးလေး ၂ ယောက် ရတဲ့ အချိန်မှာတော့ ပန်းချီဆွဲတာကို ခေတ္တရပ်နားခဲ့ပါသေးတယ်။ အဲဒီအချိန်ကတော့ ခဲမှုန်ပန်းချီတွေကိုပဲ ဆွဲခဲ့ တာဖြစ်ပါတယ်။

သမီးတွေ အရွယ်ရောက်လာတဲ့အချိန်မှာတော့ ပန်းချီဆရာမဘဝကို ပြန်စခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ အရောင်တွေကို အသုံးပြုပြီး ပုံတူပန်းချီတွေကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြန်ဆွဲဖြစ်ခဲ့တဲ့ ပုံတူပန်းချီကားကတော့ သမီးကလေးနှစ်ယောက်ရဲ့ ပန်းချီကားလေးပဲ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီတွေနဲ့အတူ လူပိုသိလာတာပါ။လက်ရာသေသပ်မှု၊ စိတ်ခံစား သက်ဝင်ရေးဆွဲမှုတွေကြောင့် ဆွဲလိုက်တဲ့ ပုံတွေတိုင်းဟာ သက်ဝင်လှုပ်ရှား နေတာပဲ ဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသူဘဝမှာ ပျေက်ဆုံးခဲ့ရတဲ့ အိပ်မက်ဖြစ်တဲ့ ပန်းချီဆရာမဘဝကို သူကတော့ အခုထိ မေ့မပစ် သေးပါ။ အဲဒီအိပ်မက်အကောင်ထည်ပေါ်ဖို့ကြိုးစားရင်း တစ်ဖက်မှာလည်း မိသားစုတာဝန်ကို မလစ်ဟင်း ရအောင် ကြိုးစားနေတဲ့ အိမ်ထောင်ရှင်မတစ်ဦးလည်း ဖြစ်ပါတယ်။ ဆရာမနုယာဉ်ရဲ့ ပန်းချီဆွဲချိန်တွေက ညအချိန်တွေဖြစ်တဲ့အခါ သူ့ရဲ့ ပါရမီဖြည့်ဖက် ခင်ပွန်းသည်က သူ့အတွက် အားပေးဖော်၊ တိုင်ပင်ဖက်၊ သူ့ရဲ့ ပရိသတ်လည်း ဖြစ်နေစေတာပါ။

ဒီလိုနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ပုံတူဆွဲလို့ ဝေဖန်မှုတွေရှိသလို၊ အားပေးမှုတွေကိုလည်းကြုံ တွေ့နေရပေ မယ့်လည်း သူကတော့ သူ့ရင်ထဲမှာရှိတဲ့ ပုံရိပ်တွေကို ကင်းပတ်စပေါ်မှာ အကောင်းဆုံးတစ်ထပ်တည်းကျနိုင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - သန်းဌေးအောင်၊ ယဉ်မွန်

Recommended